sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Wednesday, March 4, 2015

စလေဦးပုည ကဗျာများ

၁။ ပျိုမေတွေအတွက် စလေ တေးထပ်တစ်ပုဒ်  ( ဦးပုည)

မျက်နှာကို ခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက်ပေါ်စေ ကျွန်တော်ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျ စွဲ


ချစ်လှလို့ သည်းညည်းခံသည်
ဆဲရေးသံကိုလည်း
အငြိမ့်သံသည်ပွဲလို့ စိတ်ထဲကထင်တယ်၊
ကွာမည်ကိုမဆိုလိုက်ပါနှင့်
မယ်ရိုက်လျှင် ကုန်းခံပါ့မယ်၊
ဖိနပ်နှင့်အရပ်လယ်မှာ
မပြတ်ကွယ် မယ်ရိုက်တော့
နာလိုက်တာ စိတ်ကယ်နော်
ရွေးမျှမပေါ်
ခင်လေးက ကြင်ရေးမျှော်လျှင်
ထဘီလျှော်ခိုင်းတော့လေး။



 ၂ ။ ပွဲတွေ့အမှား‎  ( ဦးပုည)

ဟုတ်ပလေ နှုတ်ချွေဟရမှာဖြင့်၊‎

ပုဗ္ဗေစထင်ရဲ့လေ။‎

ကောသလငယ်တို့၊ (သာဓက)

ဘဝအသရေလျှမ်းပါတဲ့၊‎

ရွှေနန်းစံရာ နရိန်မှ(တို့တောင်)‎၊

ခါချိန်တန် ပျက်စမြဲဟာမို့၊‎

စွဲမိသံဝေ။‎

အကုသိုလ် ဃာတကတ်ကယ်က၊‎

‎ယခုလို လာလို့ဖြတ်တာကြောင့်၊‎

ဇရပ်သို့ ပြေးရ(ရာ)လေ၊‎

ခွေးသေသို့(လို့) သေရငြား။‎

သိလျက်နှင့်ပင်၊‎

‎ဝိပါက် တကယ်ထင်လို့ (ကြမ္မာငင်တော့၊‎)

ရွှေဉာဏ်ရင်(ရှင်) မဝေခွဲနိုင်ဘု၊‎

ပွဲတွေ့အမှား။‎

(အကွပ်မျက်မခံရမီ နောက်ဆုံးရေးသားသွားသော လေးချိုး)‎




 ၃ ။ ဘုန်းမွေ့တော့မယ်   ( ဦးပုည)

ပျော်မမွေ့နိုင်ဘု၊‎

‎ဓလေ့ကိုတဲ့ ငြီးတော့တယ်။‎

ကိုင်ပုတီး၊‎

သစ်သီး ညှာအကြွေနှင့်၊‎

မေဓာဝေ သူတို့ထုံးလို၊‎

ဘုန်း မွေ့တော့မယ်။‎

‎ရုပ်ခန္ဓာ အပုပ်ကောင်ကိုလ၊‎

စက်ဆုပ်လို့ မငြိတွယ်၊‎

ဖြတ်မယ်ပ ခင်လေး။‎

ဘာဝနာ၊‎

သစ်နက်ကယ် လျှော်တေဟာနှင့်၊‎

မန်းသေလာ တောင်အကွေ့မှာလ၊‎

‎ယနေ့ပင် တဝါဆိုတော့မယ်၊‎

‎ယဉ်နဂို ညိုညိုနုရယ်၊‎

မင်းသာဓု ပေး။ ။‎

လေးချိုး                 



၎ ။ ယဉ်တဲ့မေ  ( ဦးပုည)

မွတ်မွတ်ကလေးလှတယ်လို့၊

ရွရွကလေးယဉ်တဲ့မေ။

ညက်ညက်သာချောတော့၊

မနောကြည်ကြည်တင့်၊

ကျမ်းနှင့်မသွေ။

မြင်မြင်သူမြင်တဲ့ခိုက်၊

ကြိုက်လို့ပဲသေသေ၊

ယဉ်ပေစွကြော့ကြော့ဆုံး။

လှလှရဲ့ လှခေါင်၊

မြိတ်လွတ်ကယ်ပြေယောင်နှင့်၊

ပိတုန်းရောင်ကေကေနွဲ့ကို၊

ပန်းထည့်လို့ထုံး။ ။

လေးချိုး                      


  ၅ ။ စပယ်ပန်း ( ဦးပုည)

ပန်းစပယ်
နန်းလယ်မပေါ်ခိုက်ဟာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စပယ်လှိုင်တော့
ခံပန်းခိုင် ယာယီရွေ့တယ်
တောလေ့ရွာသုံး


၆ ။ စံရစ်တော့ သက်နှံငယ်     ( ဦးပုည )
(သံဝေဂတေးထပ်)
**********
တောင်ပတ်လည် ခွေဝိုင်းလို့
ရွှေကိုင်းမြို့ဇေယျာ
ဝေမှိုင်းညို့ချောင်ရွှေဝါမှာ
နောင်သေရာ ရည်စူး။
သုံးတောင်ကျော့် ဖန်လျှော်တေကို
စံလှော်ရွှေ ဝတ်မည့် စိတ်ကူး။

စံရစ်တော့ လှသက်နှံငယ်
မြမျက်မှန် ကျော့မှူး
ကာယကံ ရည်ရွယ်မြူးပါလို့
မယ်ကူးဖို့ ကြံတယ်။
တလည်လည် သံသရာဝဲမှာလ
သည်နဲဖြင့် ဘာပြုရမယ်။

သနားလို့ ကယ်ဆယ်လျှင်
လှူဖွယ်သာ တင်လိုက်တော့
နန်းထိုက်တဲ့ ခင်ခင့်လူ၊
ဘုန်းမောင်ကြောင့် ပူ။

ဟိုအမတ အောင်နိဗ္ဗူမှာ
ဖောင်ရိပ်ဖြူ  တူစီးဖို့လေး…။

 ၇ ။ ရိုင်းတဲ့ ကံ  (ဦးပုည အပူဖွဲ့ တေးထပ်)
*****
လူ့ဘုံမှာ ခုကြုံချက်လိုဖြင့်
စုံမက်ပေါင် ပြင်ပြင်
တရက်ကမှ မစက်ချင်တယ်
တသက်တွင် ရွံဆုံး။


နေပြင်းလို့ သေမင်းထံကို
နေ့ချင်းပြန် လိုက်ချင်တော့ဖုန်း။


ဘဝင်မှာ မရွှင်ပြုံးနိုင်ဘူး
ရွှေနှလုံးနောက်တယ်၊
ဇမ္ဗူ ဒီမြေတလျှောက်မှာ
ခြေထောက်လို့ ရိုင်းတဲ့ ကံငယ်။


ခုလိုများ သိမ်ငယ်ရင်
ကြိမ်တဆယ် ပြန်ဆက်တော့
အသက်ကို မြူတဆံ၊
စိုးလန့်မချန်။
ဖောက်ထွင်းလို့ နောက်ငြင်းဆန်ပေါင်
ခေါက်ချင်းပြန် သေဝံ့ရဲ့လေး။


၈ ။  လိမ်ဉာဏ်ဆင် ( ဦးပုည - အလိမ်ဖွဲ့ )

 ကလိမ်တွင် လိမ်တင်ရ၊ လိမ်ပင်ကဘုရင်၊
လိမ်ချင်လှ သခင်ရယ်၊ အလိမ်တွင် ခေါင်ဆုံး။
လိမ်ရှုပ်လို့ လိပ်ရုပ်ဖော်သည်၊ လိမ်နှုတ်တော် စွဲသည့်နှလုံး၊
 လိမ်ဟန်နှင် လိမ်ဉာဏ်ဆင်၊ လိမ်သွင်တနှုန်း၊
လိမ်ပြန် လျှင်တဖုန်းက၊ လိမ်အသုံးခက်အောင်။      
 လိမ်သလေ လိမ်နေကျ၊ လိမ်မေက ၀မ်နံပါတ်ဆောင်၊     
 လိမ်လွန်းလှ လိမ်ကွန်းဆောင်မှာ၊ လိမ်မွှန်းရောင်ချိန်သစ်လို့၊ 
 ကလိမ်ပြစ်အမျိုးဝင် ၊ ထိုးလို့ လိမ်ချင်။
ကြိုးလိမ်ရစ် ဆံတိုးခင်ရယ်၊ တစ်မျိုးပင် လိမ်အုန်းကွဲ့လေး။        



၉ ။ လူ့ပြည်မှာ ခုနေရ ၊ မှုပွေလှပါတယ် ( ဦးပုည ချစ်ဒုက္ခဖွဲ့)

လူ့ပြည်မှာ ခုနေရ ၊ မှုပွေလှပါတယ် ။
သူ့အမေက အဆာကျယ်တယ် ၊ သူ့မောင်ဝယ် တခြား ။
အစ်မတော်ကြိုးကိုင်တယ် ၊ မတိုးနိုင်ဝင်ပေါက်က ရှား ။
ဝေဘူလတောင်ယံ ရောင်လျှံတော် ပတ္တမြား ။
ထောင်ကုမ္ဘာဏ် ဟန့်တားလို့ ၊ တန့်စားငယ်မတည် ။
ဆယ်လှော်ရွှေ ကေသွယ်လျော့နဲ့ ၊ ဘယ်တော့မှ နီးနိုင်ပါ့မည် ။
မယ်သီတာ့ပတ်လည်မှာ ၊ မတ်ဇာနည်ကာဆီးလို့ ၊
တကြံတည်းဝင်နိုင်ပေါင် ၊ မင်းဒသမောင် ။
ချင်းခဏ တွေ့ရအောင် ၊ ရသေ့ယောင် ဆောင်ဦးမှလေး ။ ။