sakkara

Thursday, February 12, 2015
“ သက္ကရာဇ် ” မှတ်ဖွယ်
( ၁ ) မဟာသက္ကရာဇ် ဆိုတာ ...
ကမ္ဘာဦးနှစ်ပေါင်း “ ၈၆၄၇ ” မှာ သီဟနုမင်း နဲ့ ဘိုးတော် အဉ္ဇနမင်းနှစ်ပါးတို့ တိုင်ပင်ကြပြီးတော့ “ ၈၆၄၅ ” ကို ဖြိုခွင်းပယ်ချကာ အကြွင်းဖြစ်တဲ့ “ ၂ ” ကိုပဲ စတင်ရေတွက်ဖို့ သတ်မှတ်ထားရှိလိုက်ကြတယ် ...
အဲ့ဒီ ( ၂ ) ခုကနေ စပြီး ရေတွက်လာခဲ့တဲ့ နှစ်ကို မဟာသက္ကရာဇ် လို့ သတ်မှတ်ခဲ့ကြပါတယ် ။
( မဟာသက္ကရာဇ်ဆိုသည်မှာ ဘုရားမပွင့်မီက ဘိုးတော်အဉ္ဇနမင်း တည်ထားခဲ့တဲ့ သက္ကရာဇ် ဖြစ်ပါတယ် )
( ၂ ) သာသနာတော်နှစ် ဆိုတာ...
မြတ်စွာဘုရား ပရိနိဗ္ဗာန် ၀င်စံတော်မူပြီးသည့်အခါ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်မင်းကြီး နဲ့ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီး တို့ တိုင်ပင်ကာ
“ မဟာသက္ကရာဇ် နှင့် သာသနာသက္ကရာဇ် ” တစ်ထပ်တည်း အတူတူ ဖြစ်စေဖို့အတွက် ရောက်ရှိနေဆဲ မဟာသက္ကရာဇ် ( ၁၄၈ ) ခုလုံးကို ဖြိုခွင်းပယ်ဖျက်ပစ်လိုက်ပါတယ် ။
အဲ့ဒီ နောက်မှ စတင်ရေတွက်တာကိုတော့ သာသနာတော်နှစ် လို့ သတ်မှတ်ခဲ့ကြပါတယ် ။
( သာသနာသက္ကရာဇ်ဆိုသည်မှာ ဘုရားပရိနိဗ္ဗာန် ၀င်စံပြီးနောက် ပထမသင်္ဂါယနာတင်သည့်နှစ်မှ စ၍ ရေတွက်ခဲ့တဲ့ နှစ် ဖြစ်ပါတယ် )
( ၃ ) သရေခေတ္တရာ ပျူသက္ကရာဇ်.. မှ ကောဇာသက္ကရာဇ်
သာသနာတော်နှစ် ( ၆၂၄ ) အရောက် သရေခေတ္တရာ မင်းတွေလက်ထက် ပျူဘုရင် ( သမုန္ဒြိ ) သမုန္ဒရိ ကနေပြီးတော့
ဒေါဒေါရသ ကိန်းအရ ( ၆၂၂ ) ကို ဖြိုခွင်းပယ်ဖျက်ကာ အကြွင်းဖြစ်တဲ့ “ ၂ ” ကိုပဲ စတင်ရေတွက်စေခဲ့တဲ့ သက္ကရာဇ်ကိုတော့
သရေခေတ္တရာ ပျူသက္ကရာဇ် လို့ သတ်မှတ်ခဲ့ကြပါတယ် ။ ( ဒေါ =၂ ၊ ဒေါ = ၂ ၊ ရသ = ၆ )
သရေခေတ္တရာ ပျူသက္ကရာဇ် ( ၅၆၂ ) အရောက်မှာတော့ ပုဂံပြည့်ရှင် ပုပ္ပါးစောရဟန်း သင်္ဃရာဇာမင်းက ခ-ဆ-ပဉ္စ ကိန်းအရ ၅၆၀ ကို ဖြိုခွင်းပယ်ပျက်ပြီး
အကြွင်းဖြစ်တဲ့ “ ၂ ” ကနေ စတင်ရေတွက်ခဲ့တဲ့ နှစ်ကိုတော့ ကောဇာသက္ကရာဇ် ( ခေါ် ) မြန်မာသက္ကရာဇ် လို့ အမည်တွင်ခေါ်ခဲ့ကြပါတယ် ။ ( ခ = ၀ ၊ ဆ = ၆ ၊ ပဉ္စ = ၅ )
( မြန်မာသက္ကရာဇ်ဆိုသည်မှာ ပုပ္ပါးစောရဟန်းမင်းလက်ထက် တည်ထားခဲ့တဲ့ သက္ကရာဇ် ကို ခေါ်ပါတယ် )
ဒါ့ကြောင့် ပျူဘုရင် သမုန္ဒရိမင်း ဖြိုလိုက်တာက ၆၂၂
ပုပ္ပါးစောရဟန်း ဖြိုလိုက်တာက ၅၆၀
ပေါင်းလိုက်ရင် = ၁၁၈၂ ရရှိမှာပါ ။
အဲ့ဒီ ၁၁၈၂ ဆိုတာက် သာသနာနှစ် နဲ့ မြန်မာသက္ကရာဇ်တို့ရဲ့ အကွာအဝေးပေါ့ ။
ဒါ့ကြောင့် သာသနာနှစ်ကို သိချင်ရင် ...
ရောက်ဆဲ မြန်မာသက္ကရာဇ်နဲ့ ဖြိုခွင်းသက္ကရာဇ် ၁၁၈၂ ပေါင်းလိုက်ရုံပါပဲ ။
လင်္ကာလေးနဲ့ မှတ်ထားချင်ရင်တော့ ...
အတိတ်သာသနာတွက်နည်း
“ သက္ကရာဇ်ကောဇာ ၊ သင်္ချာပထမ ၊ တည်ပြီးမှလျှင် ၊ ဒွေး-အဋ္ဌ-ဧက-ဧကာ ၊ နှောတုံပါက ၊ သာသနာမြတ် ၊ အတိတ်မှတ်လော့ ”
(ဒွေး= ၂ ၊ အဋ္ဌ= ၈ ၊ ဧက=၁ ၊ ဧကာ= ၁ + နောက်ကနေ ပြန်ရေတွက်ရပါတယ် =၁၁၈၂ )
အနာဂတ်သာသနာတွက်နည်း
နာဂတ်သိလို ၊ ငါးထောင်ကိုပင် ၊ တည်လိုမယုတ် ၊ တိတ်နှင့်နှုတ်က ၊ အကြွင်းရ၏ ။
တီတ-နာဂတ် ၊ ပေါင်းပြန်လတ်က ၊ သိကြမှတ်လေ ၊ ငါးထောင်ပေတည်း ။
အနာဂတ်သာသနာ သိချင်ရင်တော့
သာသနာ ငါးထောင် ( ၅၀၀၀ )ကို တည်ပြီး
အတိတ်သာသနာ ၁၁၈၂ နဲ့ နှုတ်ကြည့်ပါ ..
အနာဂတ်သာသနာ “ ၃၈၁၈ ” ရပါလိမ့်မယ် ...
သက္ကရာဇ် နှင့် ခရစ်နှစ် ဆက်နွယ်ပုံ
သာသနာနှစ်က မြန်မာသက္ကရာဇ်ထက် ၂၂၈၂ နှစ် ကြီးတယ် ၊
ခရစ်နှစ်ထက်ကျတော့ ၅၄၄ နှစ် ကြီးတယ် ၊
တစ်ခါ ...
ခရစ်နှစ်က မြန်မာသက္ကရာဇ်ထက် ၆၃၈ နှစ် ကြီးပြန်တယ် ။
ခရစ်နှစ်သိချင်ရင် ..
(ရောက်ဆဲမြန်မာသက္ကရာဇ်ထဲကို ၆၃၈ ပေါင်းထည့်ရုံပါပဲ)
ခရစ်သိပြီး မြန်မာသက္ကရာဇ် မသိရင် ..
( ရောက်ဆဲခရစ်နှစ်ထဲကနေ ၆၃၈ နှုတ်လိုက်ပေါ့ )
လင်္ကာ...
ရောက်ဆဲကောဇာ ၊ ခရစ်တို့မှာ ၊ ၆၃၈သာ ၊ ကွာဝေး၏ ။
ဇန်န၀ါရီ ၊ ပြာသိုလ်ဆီမူ - တစ်မူထူးခြား - ၆၃၉ထား ၊
(ဇန်န၀ါရီလ = ပြာသိုလ်လမှာ ကျရောက်နေရင်တော့ တစ်နှစ်တိုးပြီး ၆၃၉ နဲ့ ထည့်တွက်ပေးပါ )
Labels:
သုတစာပေ