{ ၁ } နေပျော်ရဲ့လား ...
ဖော်မဲ့အားငယ် မျက်ရည်သွယ်တန်း
ပါးပြင်လွှမ်းနေ သည်းကြွမ်းကြွေလု
နာကျင်မှုနှင့် လွမ်းထုသင်္ချေ
ဝေဒနာများ ပြေပါစေမင်း
သူငယ်ချင်းရေ ... ၊
{ ၂ } လက်ချင်းချိတ်ဆက်
လည်ပင်းဖက်ကြ ကျီစယ်ဆွနဲ့
ဆို ၊ က ပြေးလွှား ကစားကြီးပြင်း
ငယ်ဖော်ချင်းလေ ...
ဘယ်သူတွေများ ခြားရဟတ်နှယ်
တွယ်တာဝေ့၀ိုက် မေတ္တာသိုက်ကို
ဖြိုရိုက်ဖဲ့ချေ ရက်စက်ကွေကွင်း
မာနတင်းကာ နေနိုင်မှာလဲ
မင်းသိပဲလေ .... ၊
{ ၃ } မေ့ဖို့ရည်ရွယ် ဖော်မွန်ငယ်ကို
ပုန်းကွယ်မြိုသိပ် အိပ်မက်မခင်
ကြင်နာကင်းဟန် သံယောဇဉ်ဖြတ်
ပြတ်ပြတ်သားသား ရင်ခြားရှောင်တိမ်း
သူစိမ်းပမာ ကွယ်ရာမလွမ်း
ဆုံလမ်းမမျှော် တွေ့သော် တမင်
မမြင်ကြဉ်ဝှက် ပြုရက်သလား
မေးချင်သားကွယ် ... ၊
{ ၄ } သူငယ်ချင်းရေ ...
ရင်တွင်းရစ်ငင် ဖြူစင်တင်းကျစ်
ချစ်ခြင်းမေတ္တာ သစ္စာထုံးချည်
တစ်သက်ရည်မှတ် ၀ိညာဉ်ထပ်လျက်
ဝေးကွာချက်ဒဏ် အထီးကျန်မှု
နာကျင်ရှုစိမ့် ဖြေသိမ့်ကူဖေး
ပင့်သက်နွေးရန် ကြံစည်စိတ်ကူး
ရင်မှာဖူးသည့် အိစက်ပွင့်လွှာ
ပန်းကဗျာကို ချိုသာရင်ငွေ့
ဆောင်ညှင်းပွေ့လွှတ် ..
ညွတ်ခမင်းထံ
ခံစားပန်စေ
ဆုမွန်ခြွေသည် ..
မျှဝေဆွတ်မြန်း နမ်းပါစေ .... ။
နွမ်းကြွေမှုများ လန်းပါစေ ... ။
By Okker Thi Khaung