sakkara

သက္ကရ-ဓမ္မ- သုတ,ရသ,နည်းပညာ

Saturday, February 28, 2015

“ ကျမ်းဂန် အထောက်အထား အခိုင်အမာမရှိဘဲ ပြောဆိုနေကြတဲ့ လူ့လောက ဥဒါန်းတွင်စကားများ ”


 (၁)  မွေးကင်းစ ကလေးကို အန၀တတ်အိုင်မှ ရေဖြင့် ချိုးပေးပါက 15/16 နှစ်သားအရွယ်သို့               ချက်ချင်းရောက်သွားတယ် ...တဲ့ ။
(၂)  သင်္ကြန်ကျလျှင် သိကြားမင်း လူ့ပြည်သို့ ဆင်းလာသည် ၊ သင်္ကြန်တက်မှ သိကြားမင်း နတ်ပြည်ပြန်တက်သွားသည် ...တဲ့ ။
(၃) ရှင်မောဂ္ဂလာန် ငရဲပြည်သို့ ကြွတော်မူသောအခါ  နောက်တော်သို့ ငရဲမီးလိုက်တယ် ...တဲ့ ။


(၄) ၀ိသာခါ ကျောင်းအမ ပုဗ္ဗာရုံကျောင်းအလှုပွဲ၌ ရင်ဘတ်ကို ဗျောစည်လိုတီး၍ သီဆိုကခုန်တယ် တဲ့ ။
(၅)  နမော ၊ တဿ      ၊  ဘဂ၀တော ၊ အရဟတော ၊ သမ္မာသမ္ဗုဒ္ဓဿ      -  ငါးပုဒ်ကို
      ၁။ သာတာဂီရိနတ် ၂ ။ အသူရိန်တန် ၃ ။ စတုမဟာရာဇ်နတ် ၄ ။ သိကြားမင်း ၅ ။  ဗြဟ္မာမင်း တို့က
တစ်ပုဒ်စီရွတ်ဆို၍ စုပေါင်းရှိခိုးကြတယ် ...တဲ့ ။
(၆) မြတ်စွာဘုရားသည် ညီတော်အာနန္ဒာကို တာဝတိံသာသို့ ခေါ်သွားသောအခါ လမ်းခရီးကြား၌ မျောက်မကို တွေ့မြင်သော်
“ ညီတော် ... ဤမျောက်မနှင့် ဇနပဒကလျာဏီ ဘယ်သူက လှသနည်း ဟု မြတ်စွာဘုရားက မေးသည် ။
ထိုအခါ ညီတော်အာနန္ဒာက နောင်တော်မြတ်စွာဘုရား ... ပြောရက်လိုက်တာဘုရား ဟု နှလုံးမသာမယာဖြင့် လျှောက်ထားလိုက်ရာ
မြတ်စွာဘုရားက ညီတော် စိတ်မရှိပါနှင့် ... ငါဘုရားက ကျီစယ်တာပါ ဟု မိန့်တော်မူတယ် ” ...တဲ့ ။
(၇) ငလျင်လှုပ်တယ်ဆိုတာ  ကမ္ဘာမြေကြီးကို ထမ်းထားရတဲ့ ပုဂံငကျွဲက ပခုံးတစ်ဖက်ညောင်းလာလို့ တစ်ဖက်ကို ပြောင်းတာ..တဲ့ ။
(၈) ဗြဟ္မာကြီးဟာ လူကိုဖန်ဆင်းတဲ့အခါမှာ ယောင်္ကျားရဲ့ဘာဝရုပ်ကို သေချာထုလုပ်ပေးတယ် ၊
      မိန်းမတွေအလှည့်ကျတော့  မိုးချုပ်သွားလို့ ဘာဝရုပ်ကို ဖြစ်သလို ထုလုပ်လိုက်ရတာ ...တဲ့ ။
(၉) မြတ်စွာဘုရားထံ မာရ်နတ်ပလ္လင်လုတဲ့အခါမှာ ၀သုန္ဒရေနတ်က ဆံပင်ရေညှစ်ပြီး သက်သေခံလိုက်တာ မာရ်နတ်စစ်သည်အပေါင်း ရေမျောသွားကြတယ် ..တဲ့ ။
(၁၀) သုဝဏ္ဏသျှံ အဆိပ်မွှန်နေသောအခါ မယ်တော်ပါရိကာ ရသေ့မကြီးအား သိကြားမင်းက
” သားကို...အသက်ရှင်လိုပါသလား - သင်တို့ မျက်စိ ပြန်မြင်ချင်ပါသလား - ရွှေအိုးကို ယူချင်ပါသလား ” ဟု မေးလိုက်ရာ
မယ်တော်ပါရိကာ ရသေ့မကြီးက ဆုသုံးချက်လုံး ပြည့်သွားအောင်
” သားရွှေအိုးထမ်းလာတာ မြင်ချင်ပါတယ် ”  ... လို့ သိမ်းကျုံးဆုတောင်းလိုက်သတဲ့ ။
(၁၁) ဓူဝံကြယ်ဟာ တာဝတိံသာက သိကြားမင်းရဲ့ ဝေဇယန္တာပြသာဒ်ဖျားမှာ တည်ရှိတာပါ ... တဲ့ ။
(၁၂) ကောင်းကင်မှာ စို့သက်တန့်ပေါ်တာဟာ မြေကြီးထဲမှ အခိုးလွှတ်လို့ ထွက်ပေါ်တာ ... တဲ့ ။
(၁၃) ရှင်ဗုဒ္ဓဃောသသည်  ၀ိသုဒ္ဓိမဂ်ကျမ်းကို ပြုစုရေးသားပြီးလို့  ကျိမ်းစက်သော် သိကြားမင်းက ထိုကျမ်းကို ၀ှက်ထားလိုက်သဖြင့်
အသစ်ထပ်ရေးရပြန်တယ် ၊ တစ်ညအတွင်း သုံးခါဝှက်လို့  ... သုံးခါ ပြန်ရေးရတယ် ၊
အရင်ရေးထားတဲ့ ပေနှစ်ချပ်ပြန်ရလို့   ပေသုံးချပ်ကို တိုက်ကြည့်လိုက်သောအခါ စာတွေက တထပ်တည်းတူညီနေတယ် - တစ်လုံးမှ မလွဲဘူး... တဲ့ ။
(၁၄)  ဖူးစာရေးနတ်က မိန်းမ နဲ့ ယောင်္ကျား ပေါင်းသင်းရအောင်  နဖူးမှာ စာရေးပေးလိုက်လို့ ” နဖူးစာရှင်တွေ” ပေါင်းရတာ..တဲ့ ။
(၁၅)  သီရိဓမ္မာသောကမင်းကြီးဟာ နတ်ရွာစံသွားတော့ နောက်ဘ၀မှာ စပါးကြီးမြွေဖြစ်သွားတယ် ... တဲ့ ။
(၁၆)  လူသေကို နောက်လကူးအောင် မထားရဘူး - သေတဲ့လအတွင်းမှာသာ အသုဘပို့ရမယ် = ဆွမ်းစဉ်ရမယ် ... လူဆက်သေတတ်တယ် ...  တဲ့ ။
(၁၇)  မနက်အစောကြီး လေမချွန်နဲ့ ... လာဘ်တိတ်တတ်တယ် ... တဲ့ ။
(၁ဂ)  ဈေးတောင်းရှေ့/ ဈေးဆိုင်ရှေ့ ဒူးထောက်ရင် ... ဈေးရောင်းမကောင်းဘူး ... တဲ့ ။
(၁၉)  အစားအသောက်တွေကို လက်ပြန်မပေးရ- မယူရဘူး = စုန်းပြုစားခံရတတ်တယ် ... တဲ့ ။
(၂၀) မိန်းမဟာ ယောင်္ကျားရဲ့ ညာဘက်မှာ မအိပ်ရ-မထိုင်ရဘူး ၊ ယောင်္ကျားဘုန်းနိမ့်တတ်တယ် ... တဲ့ ။
(၂၁) အိမ်/ကျောင်း ၀င်ပေါက်တံခါးကို ကျောပေးမထိုင်ရဘူး = လာဘ်ပိတ်တတ်တယ် ... တဲ့ ။
(၂၂)  ဘုရားရုပ်ပွားတော် ပလ္လင်မှာ ရုပ်ပုံမျိုးစုံ ခံထားထုလုပ်ကြရာ၌ ---
        ဆင်ခံဘုရား = တန်ခိုးအရှိန် အာဏာကြီးတယ် ၊
        မြင်းခံဘုရား = စီးပွားရေး လျင်မြန်စွာ တိုးတက်တယ် ၊
        ကြာခံဘုရား = အေးအေးချမ်းချမ်း နေရတယ် ၊
        ကိန္နရာခံဘုရား = ပျော်ရွှင်တယ် ၊ အိမ်ထောင်ရေး တည်မြဲတယ် ၊
         ဆိတ်ခံဘုရား = အစာရေစာ ပေါများတယ် ၊
        ကရ၀ိက်ခံဘုရား = ကောင်းသတင်း ကျော်ကြားတယ် ၊
        ငါးကြင်းခံဘုရား = ပူပင်သောက ကင်းဝေးတယ် ၊
        ဥဒေါင်းခံဘုရား = အခြံအရံပေါများတယ် .... တဲ့  ။
(၂၃)  မိမိကို တစ်ယောက်ယောက်က ပုဂံ/ခွက်နဲ့ စားစရာထည့်လာပေးလို့ ပုဂံ/ခွက် ပြန်ပေးတဲ့အခါ ဆေးမပေးရဘူး ... တဲ့ ။
(၂၄) ယုန်သားကို လက်ဆောင်ပေးရင် ပေးသူနဲ့ယူသူကြား အကြီးအကျယ် စိတ်ဝမ်းကွဲတတ် ... တဲ့ ။
(၂၅) လူတွေက နတ်တင်သောအခါ  နတ်တွေက အငွေ့သာ စားတာ ... တဲ့ ။
(၂၆) သာသနာ့ဘောင်ဝင် ရှင်/ရဟန်းဝတ်ကြတဲ့အခါ လူရဲ့ကိုယ်စောင့်နတ်က ခွာပြီး သာသနာတော်စောင့်နတ်က စောင့်ရတယ် -
       လူဝတ်လဲလူထွက်လိုက်တော့ သာသနာတော်စောင့်နတ်ကပါ ခွာသွားပြန်တယ် ... ဒါ့ကြောင့် ကိုရင်/ဘုန်းကြီးလူထွက်မှာ စောင့်ပေးတဲ့နတ် မရှိတော့ဘူး ... တဲ့ ။

                                                                   
                               {  မဟာသုတဒီပနီကျမ်း - ဒုတွဲ / ၃၂၆ / ၃၂၇  } မှ